ဘယ်တော့ပွင့်လန်းရမှာလဲ
နွေနေက အရေခွံကို ကျပ်တိုက်နေပါတယ်
သေစာရှင် စာတွေပါ ကွာတဲ့
သူ့အကိုင်း အခက် အလက်နဲ့
သူ့စကားနဲ့က အံကြ ၊၊
ရိုးတံပျိုင်းပျိုင်း
နေရာတိုင်းမှာ
ကန္တာရ အနံက ဆွတ်ပျံနေတာ
(လတပေါ်င်း) ရယ်တဲ့
လိပ်ပြာတောင် မရှိတော့
ဖူးပွင့်မယ့် သန္တေသား ဟာအဓိပါယ်မဲ့တော့
မအောင်မြင်သော
ညံ့သော
စစ်ပွဲ တဲ့။
အကောင်းဆုံး မွေးမြူခံရခြင်းများ
အကောင်းဆုံးအ ဓိပါယ်မဲ့လို့။။
ချစ်သောပိုးတုံးလုံးရေ
ငါလာခဲ့ပါပြီ။။
ချပ်...။
အဆင်သင့် မိစ္ဆာရဲ့
သံချေးအထပ်ထပ်နဲ့ ကပ်ကြေးဟာ
မိခင်နဲ့ ငါနဲ့ကြားက အဆက်အသွယ်ကို
ဖြတ်တောက်
တွယ်ရာမဲ့တောင်ပံတွေကို ရက်စက်စွာ
ဖြတ်တောက်
မိုးခေါ်တဲ့ပိုးကြိုးကို
ဖြတ်တောက်
သဘာဝနဲ့ အဆက်အသွယ်ပြုခြင်းကို
ဖြတ်တောက်
ငါ့ ဘ၀ကို လူတွေရှေ့မှာ
လှပစွာ သေဆုံးပြဖို့
ခေါ်လာခဲ့တော့တယ်
အငုံဘ၀နဲ့။ ။
ဇော်ရွှေ
Saturday, 15 October 2011
Thursday, 25 August 2011
တိမ်တောက်ခြင်းများ
အသက်ခြောက်ဆယ်ကျော်အမေဆီသို့
တစ်နှစ်ခွဲလောက်ကြာတဲ့ ၀မ်းရေးခရီးက
ပြန်ရောက်လာတဲ့အခါ၊
ဘယ်သူလဲတဲ့
မှုန်ပြာရီမှိုင်း အမေကမေးတယ်။
`သား´လို့ပြောလိုက်တော့
ဟယ် ငါ့သားပြန်လာပြီ
မျက်နှာအရေးကြောင်းတွေက ချက်ခြင်းအပြုံးပန်းတွေဖြစ်
အဆင်ပြေရဲ့လား သားအဆင်ပြေရဲ့လားနဲ့
သူရဲ့မျှော်လင့်ခြင်းတွေကို အဆိုးတွေဖြစ်မလာအောင်
မန်းမှုတ်နေသလို ပါပဲ။
မျှော်လင့်ခြင်းတွေကို မထိခိုက်စေလိုတဲ့အခါ
အဆင်ပြေတုန်းကစုထား တာလေးတွေရဲ့
ဟောဒီမှာအမေတို့ ဒီလသုံးဖို့
ဒီလိမ္မော်သီးက အမေနဲ့အဖွားတို့အတွက်
ဒီထီးက အမေနဲ့ညီမလေးဆောင်းဖို့
အဲဒီတော့မှ အပြုံးပန်းတွေဝေဆာဟာ
ဟဲ ......ငါ့သားအဆင်ပြေသားပဲတဲ့
ရင်အေးသွားပုံရတယ်။
ကယိမ်းကယိုင်
ဘီးဆံပက်ထုံးထဲက
ဆံပင်ဖြုတွေဖွာထွက်စွာနဲ့
မြင်ကွင်းထဲတိုး ၀င်လာတာက
ကျွှန်တော့်အဖွားပါ၊
အသက် က ရှစ်ဆယ့်လေးနှစ်ထဲ
အမေက သူ့အမေကိုလှမ်းအော်တယ်
ဟောဒီမှာ အမေ့မြေးလေ..................လေတဲ့၊။
နားတွေ မျက်စိတွေအနားပေးလာတဲ့ အဖွားဟာ
အဲဒီအော်သံ ကိုတောင်ပြန်မေးနေရဆဲ ပါပဲ................ဘယ်သူ။
.............လေ။
ဟေ ..ဟုတ်လား အဆင်ပြေလားတဲ့
တစ်ချောင်းတည်းသော သွားပေါ်အောင်
သူ့ရှေ့တည့်တည့်ကို ကြည့်ပြီးပြုံးနေတဲ့
အဖွားကို
အဖွားတို့ ပို့သသောမေတ္တာကြောင့် အဆင်ပြေပါတယ်ပေါ့
အဲဒီလိုဆိုတော့ လည်းတစ်ချောင်းတည်းသောသွားဟာ
လက်နှစ်ဖက်ကိုပွက်သက် ရှက်နေသေးသလိုပါပဲ။
စကားလုံးလေးတွေကို လှည့်လိုက်တာနဲ့မှော်ဝင်သွားအောင်
အဖွားသုံးတက်ခဲ့ လေသလား စဉ်းစားနေမိတယ်
ဒီလိုပါ
အရွယ်ကခပ် ငယ်ငယ် ကျွှန်တော်ဖျားပြီး
အားနည်းနေတဲ့အချိန်
အဖွားဟာ ဘယ်ကရလာမှန်းမသိနွားနို့
(ခက်ခက် ခဲခဲတော့ရှာလာရပုံရတယ်)
ထမင်းရည်နဲ့ရောကျိုပြီး ကျွှန်တော့်ကို တိုက်တယ်
အစ်ကိုက လုသောက်တော့
အဖွားကတံမျက်စည်း ဆွဲပြီးလိုက်တယ်
ကောင်လေးကအား နည်းနေလို့တိုတ်တာ
နင်နဲ့ ဘာဆိုင်လို့လဲ ဆိုပြီး
အဲ့ဒီ စကားမှာ ပဉ္စလက်များ ပါလေသလား
ခပ်ကဲကဲ ပြောရရင်
နတ်တွေစားတဲ့ နတ်သုဒ္ဒါကို စောင့်ရှောက်ကာကွယ်ပြီး
ကျွန်တော်ဆီ ယူလာပေးသလိုပါ
အဲ့သလို စွမ်းတဲ့ နွားနို့ဟာ
ကျွန်တော်ကို နောက်တစ်နေ့မှာ ဒေါင်ဒေါင်
ဒေါင်ဒေါင်နဲ့ လျှောက်ပြေးစေ တော့တာပေါ့
အနိုင်ကျင့်သူ များကိုလည်း နွားနို့အစွမ်းနှဲ့
စိန်ခေါ်ခဲ့လေသလား ၀ိုးတ၀ါးသာ
အဲ့ဒီ အဖွားဟာ ကျွန်တော့် ကို ပါးစပ်ဆင့်ကမ်းစကားတွေ
ငါးရာ့ ငါးဆယ်တွေနဲ့
မှော်ပုံမြိုင်နန်း ထဲကိုလည်း ပို့ဆောင်ပေးခဲ့သူပါ...........။
ဟိုတုန်းက အဖွားဟာ ရှေးရိုးဘီးဆံပက်ထုံး
အမေကတော့ တစ်ခုသော လမ်းစဉ်ရဲ့ သားကောင်းမိခင်
အဲ့သည် အုပ်ချုပ်မှု့အောက်မှာ ကြီးပြင်းခဲ့ ပါတယ်
အမေ့ရဲ့ ၀င်ငွေဟာ အဖွားအတွက်တော့ မလည်မပက်သာ
အဲ့သည်တော့ ဘီးဆံပက်ထုံးနဲ့ သားကောင်းမိခင်တို့ အော်ကြ ဟစ်ကြတာပေါ့
အဲ့သလို အဆင်မပြေတော့
မောင်နှမတွေကွဲ
(အစ်ကိုက အဖေ့ဆီိ အပို့ခံရတယ်)
ကျွန်တော်တို့ ကလေးဘ၀တွေ သိမ်ငယ်ချောက်ချားစွာ
နောက် အမေက နောက်အိမ်ထောင်ပြု
အဲ့သည့်နောက် နောက်ညီမလေး မွေးပြီး မကြာခင်မှာ
အဖွားက သူ့သားဆီမှာ သွားနေပါတယ်
အဲ့သည်အချိန်ကတည်းက ဝေးခဲ့တဲ့ အဝေးဟာ
ပြီးခဲ့သော လများထဲမှာ ပြန်ဆုံတာပါပဲ
သူတို့ ပြန်ဆုံတဲ့ တိမ်တောက်ခြင်းတွေ ဘယ်လိုရှိခဲ့မှန်း မသိခဲ့ပေမဲ့
ကျွန်တော်တွေ့တဲ့ အခါမှာတော့
အဖွားဟာ ဘီးဆံပက်တွေ လျှော့တိလျှော့ရဲ
အမေက သွားတွေမကောင်းတော့ဘူးတဲ့
ဒါပေမယ့် ကျွန်တော့်အတွက်
လှနေတုန်းပါပဲ..........။
ကျွန်တော် ရှိနေတုန်း တစ်နေ့
အဲ့သည်နေ့က အမေတရားပွဲ သွားတယ်
ကျွန်တော်က စာဖတ်ရင်းစောင့်
ခါတိုင်း အိပ်နေကျ အဖွား ဟာ
အပြင်ထွက်လာ အိမ်သာတက်ခါနဲ့
စကားတွေလည်း အကြာကြီး ထိုင်ပြောလို့
ခဏနေတော့ ဘယ်နှစ်နာရီ ရှိပြီလဲ
တရားပွဲက အခုထိ မပြီးသေးဘူးလားတဲ့
အဲ့ဒီတော့မှ အသက်ရှစ်ဆယ်ကျော်က
အသက်ခြောက်ဆယ်ကျော်ကို စိတ်ပူနေတုန်းပါလားဆိုတာ သိရတော့တယ်...........။
ဘာမှမဟုတ်တဲ့ ကျွန်တော်က တိမ်တောက်ခြင်းတွေ ငေးမောလို့..............။

Subscribe to:
Comments (Atom)